ဝက်သားဟင်း၊ ဘူးသီးချဉ်ရည်ဟင်း
Pork curry
ဗူးသီးချဉ်ရည်
ဝက်သားဟင်းအိုး
ဝက်သားကို ဆနွင်းမှုန့် နည်းနည်း၊ ငရုတ်သီး အစိမ်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့် နှယ်ပီး ခဏ နှပ်ထားလိုက်ပါ။
ဆီ အနည်းငယ်ထည့်ထားသော အိုးထဲမှာ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်ပီး နှပ်ထားသော ၀က်သားများထည့်မွှေပေးလိုက်ပါ။
မီးမြေးမြေး နဲ့ ၃ ရေလောက် ရိုးရိုးလေး ချက်ထားသော ၀က်သား ဆီပြန်ဟင်းပါ။
 ၃ရေလောက် မီးမြေးမြေးဖြင့် ချက်ထားသော ၀က်သားဆီပြန်ဟင်း
ဗူးသီးချဉ်ရည်အိုး
  အမေရိကား စရောက်ကတည်းက သုံးနေတဲ့ ဒီ စိမ်းစား ငပိဗူးလေးတွေ ကုန်သွားပါပီ။ ဒီဘက်က ယိုးဒယား တံဆိပ်ကို အေရှန်ဆိုင်မှာ ၀ယ်နေကျမို့ ထပ်ဝယ်တာ ပစည်းပြတ်နေတယ်။
ထိုင်းက လာတဲ့ Fish paste သို့မဟုတ် Shrimp paste မတွေ့ဘူး။ ပစည်းပြတ်နေတာနဲ့ Shrimp sauce ပဲ ၀ယ်လာလိုက်တယ်။ မဆိုးပါဘူး။ စိမ်းစားငပိလို ပြစ်ပြစ်ကြီးတော့ မဟုတ်ဘူး။ ဆော့စ်မို့လို့ နည်းနည်းကျဲတယ်။ 
စိမ်းစားငပိ အရည်ဖျော်ထည့်တဲ့ဟင်းဆို ပို ချက်လို့ ကောင်းတာပေါ့။ 
စိမ်းစားငပိ ဖုတ် သို့မဟုတ် ကင်တဲ့ ဟင်းဆိုရင်လည်း အဆင်တော့ ပြေပါတယ်။  
ပုလင်းထဲက shrimp sauce
ဇွန်းနဲ့ ခပ်ကြည့်ရင် မြင်ရတဲ့ ငပိ
 ရန်ကုန်မှာတုန်းက ချဉ်ရည်ဟင်းက နေ့တိုင်းချက်တယ်။ အသီးအနှံတွေက ပေါတာကိုး။ 
ရန်ကုန်မှာတုန်းက ဆိုရင် …. မနေ့က ကျန်တဲ့ ဆီပြန်ဟင်းနဲ့ အသီးအနှံ အရွက် တမျိုးမျိုး လုံး ချက်လိုက်ပီး ရေလေးထည့်၊ စိမ်းစားငပိလေး ဖျော်ထည့်၊ နံနံပင် ကို ရိတ်ရိတ်လေး လှီးထည့်၊ မန်းကျည်းမှည့်ရည်လေးထည့်လိုက်ရင် အရည်သောက် တမျိုး ဖြစ်သွားတာပါပဲ။ 
နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်း၊  ကို ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် နဲ့ အိုးထဲမှာ မီးအပူပေးပီး မွှေထားလိုက်ပါ။
(( ဆနွင်းမှုန့် ထည့်တာက ငပိ စိမ်းစား … ရေဖျော်ထည့်တဲ့အခါ ငပိ အနံ မထွက်အောင်လို့ …
ငရုတ်သီး အစိမ်းမှုန့် (သို့) ငရုတ်သီး အရောင်တင်မှုန့် ကတော့ ဟင်းရည် အရောင်လှအောင်ပါ။ ))
ခရမ်းချဉ်သီးများ ကြေသွားမှ ဗူးသီးစိတ်ကို ထည့်မွှေပေးလိုက်ပါ။
ငပိ ဇွန်း တ၀က်စာကို ရေလေး အနည်းငယ်နဲ့ ဖျော်ထားတာ ထည့်မွှေပါ။
ငံပြာရည် အချို ၃ ဇွန်းလောက် ထည့်ပါ။
ရေထည့်ပါ။
ငရုတ်သီးစိမ်း ကို အညှာခြွေပီး ၅တောင့်လောက်ထည့်ပါ။
နံနံပင်ကို အရိုးကော အရွက်ကော ပါးပါးလှီးပီး ထည့်ပါ။
ဆား၊ ဟင်းခတ်မှုန့် ထည့်ပါ။
ဗူးသီးများ နူးလာခါနီးမှ မန်းကျည်းမှည့်ရည် ထည့်ပါ။ 
မိသားစု အားလုံး ကြိုက်တဲ့ ဗူးသီးချဉ်ရည်ဟင်းပါ။ သူ့ အရသာက ဗူးသီးရဲ့ ချိုတဲ့ အရသာ နှင့်အတူ ခရမ်းချဉ်သီး၊ မန်းကျည်းမှည့်ရဲ့ အချဉ်အရသာရယ်၊ နံနံပင်အနံလေး မွှေးမွှေး လေးနဲ့ သောက်လို့ ပိုကောင်းပါတယ်။
ငရုတ်သီးစိမ်းက ချဉ်ရည်ရဲ့ အရသာကို ထိန်းပေးထားတာပါ။ 
   ဘူးသီးချဉ်ရည်ဟင်း
Advertisements