မန်းကျည်းရွက်နုငပိချက်

Fried tamarind with fish paste

မန်းကျည်းရွက်နု ငပိချက်

ငရုတ်သီးစိမ်း ထက်ခြမ်းကွဲနှင့် ချဉ်ချဉ်၊ ငံငံ၊ စပ်စပ်လေး ချက်ထားပါတယ်။ 

( ရွှေမှာဆိုရင် မန်းကျည်းရွက်က တရာဖိုး ၃ စည်းလောက် ရအုံးမလား မသိဘူး။ အစည်းတော့ နည်းနည်းသေးတယ်။ သင်္ကြန်နားလောက်ဆိုရင် မန်းကျည်းရွက်နုပေါ်ပါပီ။ မန်းကျည်းရွက်နု လတ်လတ်ဆတ်ဆတ် အနုလေးတွေကို ကြက်သွန်နီနဲ့ ချဉ်၊ ငံ၊ စပ် သုပ်စားလို့ပဲ ဖြစ်ဖြစ်၊ ငါးကြင်းသားနဲ့ မန်းကျည်းရွက်နုကို ဥသြစ်ရွက်လေးပါ တွဲပီး ချဉ်ရည်ဟင်းလေး ချက်ရင် တကယ်ကို ထမင်းမြိန်ပါတယ်။ ကိုယ့် ရွှေမြန်မာမှာ နေတုန်းက ကင်းပွန်ချဉ်ရွက်နှင့် ပဒက်စာဟင်းရည်ပဲ ဘလော့ပေါ် ပိုစ့်တင်ဖြစ်တယ်။ မန်းကျည်းရွက်နု နှင့် ဥသြစ်ရွက် + ငါးကြင်းသားပါ ထည့်ပီး ချက်ထားတဲ့ ဟင်းရည် ကို ဘလော့ပေါ် မတင်ဖြစ်ဘူး။ အဲဒီ အချိန်တုန်းက ဘလော့ ပိတ်ထားတဲ့ အချိန်မို့လို့ အမှတ်တရ မတင်ဖြစ်လိုက်ဘူး။ မတ်လ၊ ဧပြီလလောက်ဆို ဒန့်ဒလွန်သီး၊ မန်းကျည်းရွက်နု၊ ဥသြစ်ရွက်၊ မနောနွယ် သရက်ကင်း၊ မချစ်စု၊ စိန်တလုံး၊ ဒူးရင်းသီး … လွမ်းစရာပါလားကွယ် … )

ဟင်းအိုး 

မန်းကျည်းရွက်နု ငပိချက် ကို 

ထမင်းနှင့် နှယ်ပီး 

ငရုတ်သီးစိမ်းတောင့် နူးနူးလေး အပါ … 

ဝက်သားနှပ်ဖြင့် သုံးဆောင်ရင် လိုက်ဖက်ပီး မြန်မာဆန်တဲ့ ဟင်းတခွက်ပါ။

** ချက်၊ စားနည်း **

ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။

ကြိတ်စက်ဖြင့် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အမေရိကားက အေရှန်ဆိုင်မှာ ၀ယ်လို့ရသော မန်းကျည်းရွက်နု ပုလင်းဈေးနှုန်း – $ 1.95

ပုလင်းနဲ့ လာတဲ့ မန်းကျည်းရွက်နု

ဆီကို ဆန်ချိန်ခွက် – ၁ ခွက်စာလောက် အပူပေးလိုက်ပါ။

ဆီပူပီ ဆိုတာနဲ့ ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့် ဆီသတ်၊

ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်ထည့်၊

ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်း ၂ လုံးလောက်ထည့်၊

ခရမ်းချဉ်သီးဖတ်များ နူးစပြုလာပီ ဆိုမှ …

ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်၊

မန်းကျည်းရွက်နုထည့်မွှေ၊

စိမ်းစားငပိ တဇွန်းကို ရေ အနည်းငယ်နဲ့ ဖျော်ထားတာ ထည့်၊

ငံပြာရည် – ၂ ဇွန်း၊

ဆား – ၁ ဇွန်း၊

ဟင်းခတ်မှုန့် – ၁ ဇွန်း ထည့်မွှေပီး

မန်းကျည်းရွက်နုများ နွမ်းလာခါနီး၊ ဆီပြန်လာပီဆိုမှ ပါးပါးလှီးထားသော နံနံပင် အုပ်ပါ။

** အရင်ပိုစ့် **

Advertisements