တညင်းသီး ငပိကြော်

Fried Dahendi with fish paste

ငပိကြော် ပုံစံမျိုးပဲ အိမ်မှာ ချက်ထားတာပါ။ တညင်းသီး ကို အပြောင်းအလဲလေး တခု အနေနဲ့ ငပိကြော် ထဲ တညင်းသီး ကို ထုထောင်းပီး ရောကြော်ထားတာ။ စားလို့ ကောင်းတယ်။

ပထမဦးဆုံး တညင်းသီးတွေကို ကြော်ပါ။ ( ဒညင်းဝက် ဆို ပိုပီး ကြော်စားလို့ ကောင်းပါတယ်။ ဒညင်းဝက် မရလို့ရှိရင် တညင်းသီးကို ကြော်ပီး ခပ်ပြားပြားလေးဖြစ်အောင် ထုပါ )

ပီးရင် တညင်းသီးများကို တခြမ်းချင်းစီ ငရုတ်ကျည်ပွေ့ ထဲ ထည့်ပီး ခပ်ပြားပြားလေး ဖြစ်အောင် ထုထောင်းပေးပါ။

ကြေအောင်ထောင်းလည်း ရတာပါပဲ။ အိမ်မှာကတော့ တညင်းသီး ဖတ်လေးတွေလည်း မြင်ချင်၊ စားချင်သေးတာမို့လို့။ အရမ်း ကြေနေအောင် မထောင်းထားပါဘူး။

ပီးရင် ဆီ အိုးကို ပြန်တည်ထား။

ကြက်သွန်ဖြူ အမွှာကြီး ၅ မွှာကို အခွံခွါ၊ မထူမပါးလေး စိပ်ထား၊

ကြက်သွန်နီ ၃ ဥ လောက်ကို ပါးပါးလှီးထားပါ။

ဆီပူလာပီ ဆိုတာနဲ့ ကြက်သွန်ဖြူ ထည့်၊ ဆနွင်းမှုန့် အနည်းငယ်ထည့်။ ကြက်သွန်ဖြူ တွေ ၀ါ ခါနီးရင် မီးအရှိန်လေးကို လျှော့ ၊ ရပီဆိုရင် ဆယ်ထားလိုက်ပါ။

ကြက်သွန်နီကိုလည်း ပါးပါးလှီးထားတာ ထည့်ကြော်၊ တ၀က်လောက်ကို ဆယ်ထားပီး … ကျန်တ၀က်နဲ့

ငရုတ်သီး အကြမ်းမှုန့် (ဒီနေ့ မထည့်ထားဘူး) ၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ ကို ထည့်၊ မွှေပေးပါ။ စိမ်းစားငပိများ ကြေပီး နှံစပ်သွားတဲ့ အခါမှာ တညင်းသီးများကို ထပ်ထည့်ပီး မွှေပါ။

မန်ကျည်းသီးမှည့် ကို ရေ နဲ့ အနည်းငယ်လောက် ဖျော်ပီး ထည့်ပေးပါ။ ဆားလေး ဖြူးပေးပါ။

မစိုလွန်း၊ မကျွတ်လွန်းသော အနေအထားရပီ ဆိုရင် ရပါပီ။

ဆယ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်များ ကို အပေါ်မှ ဖြူးပေးပါ။

ငပိကြော်ကတော့ လတ်လတ်ဆတ်ဆတ် အိမ်ချက် ပူပူနွေးနွေး လေးကို ပိုကြိုက်တယ်။

အိမ်မှာ ငပိကြော်ကို လွန်ရော ကျွံရော ၃ ရက်စာလောက်ပဲ ထားတယ်။ ဒါကြောင့်မို့လို့ ငပိကြော်တဲ့အခါ နည်းနည်းပဲ ချက်တယ်။

ငပိကြော် နဲ့ ထမင်းစားတဲ့အခါ ..  ထမင်းနဲ့ ငပိကြော်ကို နယ် … ပီးတဲ့အခါမှာ သေးသေးလေး စိပ်ထားတဲ့ သံပုရာစိတ်လေးတွေ ထည့်မြုပ်ပီး စားရင် တော်တော်လေး စားကောင်းပါတယ်။

( ဒညင်းသီး ) တညင်းသီးငပိကြော်က မွေးတယ်။ တညင်းသီး အနံ ခပ်ပြင်းပြင်းလည်း မထွက်တော့တာမို့လို့ ပြည်ပကို သယ်သွားရတာလည်း အဆင်ပြေပါတယ်။

အမေရိကား ဗီယက်နမ်ဆိုင်မှာ ကြာရှည်ခံ စိမ်ထားသော ဒညင်းသီးပုလင်း ဈေးနှုန်း

ဒညင်းသီး ပုလင်း … ယိုးဒယားက လာပါတယ် ..

ကိုယ် တခါ ယိုးဒယားက လာတဲ့ ပဲငပိ ချက်ဖူးသေးတယ်။ ပဲငပိ ပုလင်းက တံဆိပ်မှာ မြန်မာစာလေးတောင် ရေးထားသေးတယ်။

တညင်းသီး အစိမ်းတွေပါ … ကြာရှည်ခံအောင် ရှာလကာရည် နှင့် စိမ်ထားပါတယ် …

စားတဲ့ အခါ ကျ .. ဒညင်းသီး ပဲ ဇွန်းနဲ့ ခပ်ပီး ဒညင်းသီး ပြုပ်လို့ပဲ ဖြစ်ဖြစ် …

တို့စရာ ဒညင်းသီး ပြုပ်

ဝက်သား ဒညင်းသီးဟင်း

ဒညင်းသီး အုန်းနို့ဆမ်း 

ဒညင်းသီး ငပိကြော် … အမျိုးစုံ ချက်စားလို့ ရပါတယ် …

ငါးပုလင်းကြီးများတောင် ၀ယ်လာပါတယ် …

ဒညင်းသီး သေးသေးလေးတွေလည်း ရှိသေးတယ်။ အရမ်း စားလို့ ကောင်းတာပဲ .. စင်ကာပူမှာ ခဏ နေတုန်းက မလေးရှား ဒညင်းသီးလေးတွေ Fair Price ကနေ ၀ယ်ပီး ချက်စားဖူးသေးတယ်။ အဲဒီ ဒညင်းသီး သေးသေး အရသာ အတိုင်းပဲ …

 

ဒီအတိုင်းတော့ စားလို့ မရပါဘူး။ ချက်ရအုံးမှာပါ …

ကိုယ့်က ဒညင်းသီး ဆားရည်စိမ် ဆို .. သေးသေး ကျွတ်ကျွတ်လေးကို ပိုကြိုက်တယ်။ 

သရက်ကင်းဆိုရင်လည်း သေးသေး ကျွတ်ကျွတ်လေးကို ပိုကြိုက်တယ်။

Advertisements